Monday, June 23, 2014

Go Sunday Go!!!

Sunday မှာ မနက် ၇ နာရီခွဲလောက်ထတယ်။ ထမင်းကြော်၊ ကြက်ဥကြော်၊ စမူဆာကြော် ရယ် စနေနေ့က ချက်တဲ့ မုန့်ဟင်းခါးနဲ့ မနက်စာ စားလိုက်တယ်။ နေ့လည်စာကို တော်တော်နဲ့ ဗိုက်မဆာကြဘူး။ စားသောက်ပြီး အ၀တ်လျှော်စက်နဲ့ အ၀တ်တွေ လျှော်ထားလိုက်တယ်။ ပြီးတာနဲ့ The Heirs ကို ဆက်ကြည့်တယ်။  ချစ်က သူငယ်ချင်းနဲ့ တွေ့မယ်ဆိုပြီး အောက်ခဏဆင်းတာနဲ့ မြတ်လည်း မီးပူတိုက်စရာရှိတဲ့ လက်ကျန်လေးကို အပြီးဖြတ်တိုက်။ အိပ်ရာခင်းလဲ၊ အခန်းသန့်ရှင်းရေးလုပ်ပြီးတာနဲ့ ဗိုက်လဲ နည်းနည်း ဟာလာတော့ အာလူးကြော်စားရင်း ကိုရီးယား ထိုင်ကြည့်နေတာ။

ခဏနေတော့ ချစ်ပြန်လာတာနဲ့ ဗိုက်ဆာတယ်ဆိုလို့ ပုစွန် ကို ငရုတ်အကြမ်းဖက် နည်းနည်းနဲ့ အစပ်ကြော်တယ်။ ပြီးတော့ ရယ်ဒီမိတ်ကော်ပြန့်ကြော်ရယ် ကြက်ဆီထမင်းရယ်နဲ့ စားလိုက်ကြတယ်။ စားပြီးတော့ ချစ်က ခဏနားတုန်း မြတ်က The Heirs ကို ဇာတ်သိမ်းခန်းထိ ပြီးအောင်ကြည့်လိုက်တယ်။ မဆိုးပါဘူး ကြည့်လို့ကောင်းပါတယ်။ 

Min Ho & Park

ညနေကျတော့ ချစ်က ကိစ္စတစ်ခုရှိလို့ Plaza Singapura ကို သွားမယ်ဆိုလို့ ဇာတ်ကားကြည့်ပြီးတာနဲ့ ရေချိုး၊ သွားဖို့ ပြင်ရတော့တယ်။ အဲ့ရောက်တာနဲ့ ကြုံတုန်းလေး Sephora ကို ၀င်ကြည့်ဖြစ်တယ်။ Cheek Brusher လေးလည်း လိုချင်တာနဲ့ တစ်ခါတည်း ၀ယ်ခဲ့လိုက်တယ်။ ၃၂ ကျပ်ပေးရတယ်။ Member Card လေးလည်း လုပ်လာခဲ့တယ်။ Free membership ပါ။ သူက 250 points ရရင် ၁၀ % discount ပေးပါတယ်။ S$1 ကျပ်ကို 1 point ပါ။ တခြားဟာတွေ ကြည့်ချင်သေးပေမယ့် ချစ်ကို အားနာတာ(ကြောက်တာလည်း ပါပါတယ်) နဲ့ ၀ယ်ပြီး ထွက့်ခဲ့လိုက်တယ်။ ဟုတ်တယ်လေ သူက အပြင်မှာ စောင့်ကျန်ခဲ့တာကိုး။ GAP ကိုလည်း သွားကြည့်ချင်ပေမယ့် အပြန်ကျရင် Fair Price ၀င်ပြီး တစ်ပတ်စာ ၀ယ်ရမှာမို့လို့ ဘယ်မှ မ၀င်တော့ပဲ ပြန်ခဲ့လိုက်ပါတယ်။ 

Cheek Brusher & Sephora White Member Card

အိမ်နားက MRT ရောက်တာနဲ့ ဈေးဝင်ဝယ်ပြီး အိမ်ပြန်ခဲ့ကြတယ်။ ချစ်က ဗိုက်မဆာတော့ပေမယ့် မြတ်က နည်းနည်းဆာလို့ ၀ယ်လာတဲ့ Chicken Nuggets လေးကြော်ပြီး ကြက်ဆီထမင်း ကျန်တာလေးနဲ့ စားလိုက်တယ်။ ပြီးတာနဲ့ မျက်နှာသစ် သန့်စင်ပြီး စောစော ၀င်အိပ်တော့တာပဲ။ ချစ်လည်း ခဏနေတော့ လာအိပ်တယ်။ တင်္နလာဆို အလုပ်ပြန်စပြီလေ။ မလုပ်ချင်ပေမယ့်လည်း ရွေးစရာမရှိသေးတဲ့ ဘ၀ဆိုတော့လည်း ဆက်လက် ကြိုးစားရုန်းကန်ရဦးမှာပဲလေနော် ........

Dream Catcher From The Heirs

အဲ့ Dream Catcher လေး လိုချင်တယ် သိလား။ အိပ်မက်ဆိုးတွေ ရှိရင် ပျောက်သွားအောင်လို့ ဟိ ... :D

Happy Birthday My Dear Sis :)

ဒီနေ့ အစ်မလတ် မနှင်းရဲ့ မွေးနေ့လေးပါ။ မမက အိမ်ရှေ့က ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်း ကပ်ပါတယ်။ မြိတ်ကပ်ကျေးကိုက် ကျွေးမယ်လို့ ပြောတယ်၊ မနေ့က မြတ်ကို ဖုန်းဆက်ပြောတော့ ပါဆယ်ပို့ပေးပါလို့တောင် လှမ်းနောက်လိုက်သေး။ ဟုတ်တယ် မြိတ်ကပ်ကျေးကိုက်ကို စားချင်နေတာ။ ကိုယ်တိုင်လည်း မကြော်တတ်လို့။ :D

မွေးနေ့လက်ဆောင် ဘာပေးရမလဲဟင် (:P) ဟတ်ပီး ဘတ်ဒေးပါ ချစ်မကြီးရေ :*


Friday, June 20, 2014

All In One

ဟယ်လို ........ နောက်လမှာ မြတ်ရဲ့ မွေးနေ့ရှိပါတယ်။ မွေးနေ့မှာ မိသားစုနဲ့ အတူ မပျော်ရတာ ဒီနှစ်နဲ့ဆို နှစ်နှစ်ရှိပြီ။ ဒီက Toapayoh ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်ဖြစ်မှာပါ။ နေ့ဆွမ်းပေါ့။ ဖိတ်မယ့် သူကတော့ အများကြီး မရှိပါဘူး။ မြတ်သူငယ်ချင်းနဲ့ ချစ်ရဲ့ သူငယ်ချင်း ဒီလောက်ပါပဲ။ မွေးနေ့မှာ ကိတ်မုန့်လေးလည်း ခွဲချင်သေးတယ်။ စလုံးကို စစရောက်ချင်း တစ်နှစ်လောက်က အမျိုးဆိုလို့ အစ်မ၀မ်းကွဲ တစ်ယောက်ရှိနေသေးတယ်။ သူနဲ့လည်း တူတူနေတာပေါ့။ ခု သူလည်း မိသားစုကြောင့် ပြန်သွားတော့ မြတ်တစ်ယောက်တည်းပေါ့။ 

ကိုယ့်အနားမှာ အားပေးဖော် တိုင်ပင်ဖက် ချစ် က ရှိနေလို့ တော်သေးတာပေါ့။ ဒီမှာတော့ အကြာကြီးလည်း မနေချင်ဘူး။ ကိုယ့်မိဘတွေ အသက်ရှိထင်ရှားရှိတုန်း အနားမှာ အနီးကပ် ပြုစု စောင့်ရှောက်ချင်သေးတယ်လေ။ ဒီကို ရောက်လာတာကလည်း ကိုယ့်မိဘတွေကို ကျေးဇူးဆပ်ချင်တာကြောင့်လည်း လာဖြစ်တာ။ ကိုယ့်ဘ၀ တက်လမ်းအတွက်လည်း ပါတာပေါ့နော်။ စလုံးကို ရောက်လာတာ တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ အလုပ်ကတော့ ရောက်ကတည်းက စ၀င်လုပ်တဲ့ နေရာမှာပဲ။ အလုပ်က အဆင်ပြေပါတယ်။ ဒါပေမယ့် အလုပ်မှာ မပျော်ဘူး။ မြတ်က ကိုယ့်သာသာပဲ နေတတ်တာ များတော့ အလုပ်က တခြားသူတွေနဲ့ မပေါင်းဖြစ်ဘူး။ စကားလည်း မပြောဖြစ်ဘူး။ အလုပ်ကြောင့် ဘေးမှာ ထိုင်တဲ့ မန်နေဂျာမ နဲ့ စကားပြောတာရှိတယ်။ ရင်းနှီးတာဆိုလို့ ကိုယ့်နဲ့ position တူတဲ့ အိန္ဒိယန်းမ တစ်ယောက်ပဲရှိတယ်။ ဒါတောင် ထမင်းစားချိန်လောက်ပဲ ပြောဖြစ်တာ။ ကျန်တဲ့ အချိန်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။ 

စာမေးပွဲလည်း ဖြေမယ်လို့ စဉ်းစားထားတယ်။ ကိုယ့်ဘာသာကို စာကြည့်ပြီး ဖြေရတာပါ။ ဒီမှာက စာမေးပွဲကြေးက တော်တော်မြင့်တယ်။ သင်တန်းမတက်ရပေမို့လို့သာပဲ။ သင်တန်းဈေးတွေကလည်း ကြီးမှကြီး။ အိမ်ကတော့ ဒီပလိုမာ ဖြစ်ဖြစ် ဒီရောက်တုန်း ယူထားတဲ့။ ပါပါးကတော့ ဒေါက်တာဘွဲ့တောင် ယူစေချင်တာ။ စာတွေလည်း အဲ့လောက်အများကြီး မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ဒီပလိုမာလေးတော့ ယူဖို့ စဉ်းစားထားတယ်။ ပိုက်ပိုက် အခြေအနေကောင်းရင်တော့ တက်မယ်။ :)
မေကြီးနဲ့ ပါပါးကိုလည်း သတိရတယ်။ အစ်မတွေနဲ့ မောင်လေးကိုလည်း သတိရတယ်။ တူလေးနဲ့ တူမလေးကိုလည်း အရမ်းလွမ်းတယ်။ စိတ်ထဲမှာတော့ အမြဲ ပြန်ချင်နေတယ်
:( 
သတိရခြင်းများစွာနဲ့ ........

ပရိသတ်ကြီး စိတ်မကောင်းဖြစ်နေမှာစိုးလို့ ချော့ကလက်လေး စားသွားပါဦးနော်

Wednesday, June 18, 2014

Hello Testy 1 2 3 :)

ဘလော့ခ်ပေါ်က ပျောက်တာ ကြာပါပြီ။ သတိရပေမယ့်လည်း ဘာရေးရမှန်းမသိတာနဲ့ update မဖြစ်တာပါ။ အစတည်းကတော့ မြတ်ပြောထားပါတယ်။ စာရေးတာ သိပ်တော့ ၀ါသနာမပါဘူးလို့။ ဒါပေမယ့်လည်း သူများတွေရဲ့ ဘာလော့ခ်ဖတ်ရင်း ကိုယ်လည်း ရေးချင်တာနဲ့ ရေးဖြစ်သွားတာ။ ပြီးတော့ စာဖတ်သူတွေလည်း မရှိလောက်ပါဘူး။ မြတ်က သူများဆီ သွားပြီး လာပါလို့လည်း မခေါ်ချင်ဘူးလေ။ အားနာလို့ :0

ဒီနေ့တော့ မျက်စိလည်လာတာ ကိုယ့်ဘလော့ခ်လေးလည်း update လုပ်ဦးမှပါပဲ။ ကိုယ်စထားတဲ့ ဇာတ်လမ်းဆိုတော့လည်း နိုင်အောင် လုပ်ရမှာပေါ့နော် ပရိသတ်ကြီးတို့ရေ ..။ ဟိုးအရင်ရက်တွေတည်းက မြတ် ဘလော့ခ်က ဘာဖြစ်တယ် မသိဘူး။ Main page မှာ ပို့စ်တစ်ခုတည်း ပေါ်စေချင်တာ။ အဲ့ပို့စ်ကိုပဲ နှစ်ခါလာပေါ်နေတာ။ ဘာဖြစ်တာလဲ အဖြေရှာရင်း ဂုရုကြီးကိုလည်း မေးရင်းပေါ့လေ။ နောက်ဆုံးမှာမှ ပိုနေတဲ့ code ကို Edit Html မှာ ၀င်ဖျက်လိုက်မှပဲ တစ်ခုတည်း ပေါ်တော့တယ်။ အဲ့လို web developer ကြီး တိုင်ပတ်သွားတာ။ ရေးပြီးတဲ့ ၀က်ဆိုက်တွေ မနည်းပေမယ့် Blog site နဲ့ကျမှပဲ လည်သွားတယ်။ ခုတော့ အိုကေမှာ စိုပြေလို့ ;)

မြတ်ရဲ့ ကိုယ်ပိုင် ဘလော့ခ်လေးကို ဒီနေ့ကစပြီး ပြန်ဂရုစိုက်ပါ့မယ်နော်။ အားပေးမယ်မဟုတ်လား ပရိသတ်ကြီး .. ဖျောင်း .. ဖျောင်း (လက်ခုပ်တီးကြတာပါ)။ တကယ်တော့ ရေးသူလည်း ကိုယ် ဖတ်သူလည်း ကိုယ်ပါပဲ။ ဟဲဟဲ အားရစရာပါ။ နောက်တော့လည်း ရှိလာမယ်လို့ မျှော်လင့်ပါတယ် .. နော်။ ဒီနေ့လည်း ဒီလောက်ပဲနော်။ အလုပ်မှာ အားနေတာနဲ့ ပိုစ့်အသစ်အနေနဲ့ တင်လိုက်ပါတယ်ရှင်။ :)


လည်လည် လာသူများအတွက် စားကြပါဦးရှင့် 

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon