Sunday, October 26, 2014

October Favorites

ဒီပိုစ့်လေးကတော့ အစ်မမြတ်ကြည်ကို ချစ်ခင်သောအားဖြင့် Challenge အတွက် ရည်ရွယ်ပြီး ရေးပေးထားတာပါ။ အကြောင်းအရာကတော့ သိပ်တော့များများစားစား ရှိမှာ မဟုတ်ဘူးရှင့်။ ဘာလို့လဲဆိုတော့ အောက်တိုဘာလထဲမှာပဲ အကျုံးဝင်တဲ့ မြတ်ရဲ့ ၀ယ်ဖြစ်တဲ့ ဖန်စီပစ္စည်းလေးနဲ့ လုပ်ဖြစ်တဲ့ အရာလေးတွေကိုပဲ ပြောပြမှာမို့လို့ပါ။

အောက်တိုဘာလထဲမှာ ထိထိရောက်ရောက်စလုပ်ဖြစ်တာက ရောဂကျင့်စဉ်လေးပါ။ ဟိုတစ်လောက မြတ်တင်ထားတဲ့ ညအိပ်ရာဝင်ခါနီး ရောဂလေ့ကျင့်ခန်းအပြင် ခါးသေးဖို့အတွက်ရောဂလေ့ကျင့်ခန်း၊ မြတ်တို့လို အခုမှ ရောဂကိုစလုပ်တဲ့ Beginners တွေအတွက် ပုံစံ ၁၁ မျိုး အဲ့ဒါတွေကိုတော့ အချိန်ရရင် ရသလို ကြိုးစားလုပ်နေပါတယ်။ မြတ်ရဲ့ pinterest မှာ ရှိတာတွေကတော့ မြတ်လုပ်နိုင်မယ် ထင်တာလေးတွေကို တင်ထားတာပါ။

မြတ်တို့ ကုမ္ပဏီက သူဌေးမ ပေးထားတာ ကြာနေပြီဖြစ်သော မသောက်ဖြစ်သေးတဲ့ Fruit Juice အထုပ်တွေကို စသောက်ဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ နည်းနည်းများတယ်။ မြတ်သိသလောက်ကတော့ ရေ၊ Dark Sweet Cherry၊ Blueberry၊ စပျစ်သီး၊ Aloe Vera နဲ့ Green Tea တို့ပါဝင်ပါတယ်။ ဘူးတစ်ဘူးထဲမှာ အထုပ် ၃၀ လောက်ပါတယ်။ တစ်နေ့ကို ၁ ထုပ် သို့မဟုတ် ၂ ထုပ် သောက်နိုင်ပါတယ်ရှင်။
မြတ်သောက်ကြည့်တော့ တော်တော်လေးချိုတယ်။ မဆိုးပါဘူး သောက်လို့ကောင်းတယ်။ ဒါကုန်ရင်တော့ ထပ်ဝယ်ဖြစ်မှာမဟုတ်ဘူး။ ဈေးကြီးလို့ :D
စိတ်ဝင်စားသူများအတွက် ၀ယ်ယူနိုင်သော လင့်ခ်လေး ပါ။

မြတ်က ခေါင်းစည်းကြိုးဆိုရင် Lovisa ကနေ၀ယ်ဖြစ်တာများတယ်။  ဒီနှစ်ခုကတော့ ၀ယ်ထားတာ မကြာသေးဘူး။ နက်ပြာပန်းပွင့်လေးက headband၊ အဖြူရောင်ပန်းပွင့်က ခေါင်းစည်းကြိုးလေး။ Headband ကို အရင်က ပန်လေ့ပန်ထမရှိဘူး။ အဲဒါကလည်း အောက်တိုဘာလထဲမှာ စိတ်ကူးရလို့လုပ်တဲ့ အရာတစ်ခုပဲ။ :)
မြတ်ရဲ့ October Favorites က ဒီလောက်ပါပဲရှင်။ အစ်မမြတ်ကြည်လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်နော် :D။ ဟုတ်ကဲ့ ပိုစ့်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ရှင်။
နောက်တစ်ပတ်မှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော် (ဟိ.. Presenter လေသံနဲ့) :P

ညမအိပ်ခင် သစ်သီးစားတတ်သူများအတွက် ကီဝီ၊ လိမ္မော်သီးနဲ့ စတော်ဘယ်ရီစားသွားပါဦးရှင့်
 
အယ် မေ့တော့မလို့ မြတ်လည်း Challenge ပြန်ခေါ်ပါရစေနော်။ မြတ်(Ash) ကို ခင်ရင် ရေးပေးပါဦးရှင့်။ မိမိကြိုက်နှစ်သက်ရာပိုစ့်ကို ရေးနိုင်ပါတယ်ရှင်။
အစ်မမြတ်ကြည်
အသူ
ဆုမြတ်မိုး
အစ်မမိုးညချမ်း

Good Night (。♥‿♥。)
 

Sunday, October 19, 2014

Visit To Gardens By The Bay

ဒီပို့စ်လေးကတော့ အကြွေးဆပ်တဲ့ ပိုစ့်ပါရှင်။ တင်မယ်လို့ ပြောထားတာ ကြာနေပြီ။ ထပ်ပြီး ကြာနေရင် ကတိမတည်ဘူး ဖြစ်တော့မှာစိုးလို့ တင်လိုက်ပါပြီညှော် (နော် :D)

Local resident တွေ အတွက်ကတော့ Cloud Forest + Flower Dome နှစ်ခုပေါင်း ၀င်ကြေးက S$20 ကျပါတယ်။ Standard Admission (Visitor) တွေကတော့ S$28 ကျပါတယ်ရှင်။

မြတ်သွားတာ သိပ်တော့ နေရာမစုံလိုက်ဘူး။ ညဘက်သွားရင်လည်း တစ်မျိုးလှတယ်။ မြတ်သွားတုန်းကတော့ နေ့လည်ခင်းလောက်ပေါ့။ အဲ့တော့ နည်းနည်း ပင်ပန်းတယ်။

ဒီရေတံခွန်က Cloud Forest ထဲမှာ ရှိတာပါ


သစ်ခွတွေနဲ့ ဆူးပင်တွေက Flower Dome ထဲမှာပါ


ဘူလဲ မသိဘူးနော် :P


OCBC Skyway By Gardens By The Bay
မြတ် အဲ့နေရာကို မ၀င်ဖြစ်လိုက်ဘူးလေ။ သူကတော့ ၀င်ကြေး S$5 ကျပ် သက်သက်ထပ်ပေးရတယ်။ ညဘက်သွားရင် ပိုကောင်းတယ်။ လူလည်း သိပ်မပင်ပန်းဘူး။ မီးရောင်စုံလေးတွေနဲ့ ထွန်းထားတော့ တစ်မျိုးလှတယ်။

ပုံလေးတွေ နည်းသွားတာကိုတော့ စိတ်မရှိပါနဲ့နော်။ မြတ်က ဖုန်းနဲ့ပဲ ရိုက်တာဆိုတော့ အများကြီးလည်း မရိုက်ဖြစ်လို့ပါရှင့်။ အကြွေးမရှိတော့ဘူးနော် ❁´◡`❁

မပြန်ခင်လေး အမောပြေ ဖရဲသီး စားသွားပါဦးရှင့်

Thursday, October 9, 2014

Yoga For Better Sleep

အခု ပို့စ်လေးကတော့ မအိပ်ခင် ကိုယ့်ရဲ့ အိပ်ရာခင်းလေးပေါ်မှာ အလွယ်တကူ လူတိုင်း လုပ်နိုင်တဲ့ ရောဂလေ့ကျင့်ခန်းလေး ပါရှင်။

ဒီတစ်ခါမှာတော့  လေ့ကျင့်ခန်းငါးမျိုးကို ပြောပြပေးသွားပါမယ်။


နံပါတ် ၁ ။ Upside-Down Relaxation (လေ့ကျင့်ခန်းအတွက် ကြာချိန်က သုည မိနစ်ကနေ နှစ် မိနစ်ပါ)
- နံရံနဲ့ ၆ လက်မ အကွာအဝေးမှာ နံရံကို မျက်နှာမူ၍ ထိုင်ပါ။
- နောက်ပြန် လှဲချပြီး နံရံပေါ်သို့ ခြေထောက်များကို ဆန့်တန်းလိုက်ပါ။
- အကြောတွေ အရမ်းတင်းနေရင် နံရံကနေ အတန်ငယ်ဝေးတဲ့အထိ ရွှေ့ပြီး လုပ်ပါ။
- ၆ လက်မအကွာအဝေးထက် ပိုပြီး နီးနီးကပ်ကပ်မှာလည်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။
- သင့်ရဲ့ လက်တွေကို ဘေးမှာ ချထားပြီး လက်ဖ၀ါးကို ပက်လက်အနေအထားအတိုင်းနဲ့ အသက်ကို ဖြေးညှင်းစွာ ရှုပါ။ သင့်ခြေထောက်ရဲ့ နောက်ကျောဆီက ဆွဲအားတွေကိုလည်း ခံစားသိရှိပါစေ။


နံပါတ် ၂ ။ Winding Down Twist (လေ့ကျင့်ခန်းအတွက် ကြာချိန်က နှစ် မိနစ်ကနေ သုံး မိနစ်ပါ)
- အိပ်ရာပေါ်မှာ တင်ပျဉ်ခွေ ထိုင်ပြီး သင့်ရဲ့ ညာလက်က ဘယ်ဘက်ဒူးပေါ်မှာ တင်၊ ဘယ်လက်က သင့်ကျောရိုးရဲ့ အနောက်ဘက်မှာ ထားလျက် အသက်ရှုထုတ် ပုံမှန် လုပ်ပေးပါ။
- သင်ရဲ့ ရင်ပိုင်းသက်သက်ကိုပဲ ဖြည်းဖြည်း ရစ်ပတ်ပေးပါ။
- မျက်လုံးအကြည့်ကိုလည်း သင့်ရဲ့ ဘယ်ဘက်ပခုံးအပေါ်က ကျော်ကြည့်ပါ။ အသက်ကိုလည်း ပြင်းပြင်းရှုပါ။ ပြီးရင် ကိုယ်ကို အလယ်ပြန်တည့်ပြီး တခြားတစ်ဖက်ကိုလည်း ထိုအတိုင်း လုပ်ပေးပါ။


နံပါတ် ၃ ။ Nighttime Goddess Stretch (လေ့ကျင့်ခန်းအတွက် ကြာချိန်က သုံး မိနစ်ကနေ ငါး မိနစ်ပါ)
- ဒူးကို ကွေး၍ အနောက်ဘက်သို့ လှဲချလိုက်ပါ။
- ခြေဖ၀ါးနှစ်ဖက်ကို ပူးထားပြီး ပုံတွင် ပြထားသောအနေအထားအတိုင်း ဒူးနှစ်ဖက်ကို ထားပေးပါ။
- သင့်ရဲ့ လက်များကို အိပ်ရာပေါ်မှာ သက်တောင့်သက်သာ ချထားပါ။
- ယင်းအနေအထားမှာ အားစိုက်နေရတယ်လို့ ခံစားမိရင် ဒူးတစ်ဖက်စီရဲ့ အောက်ဖက်မှာ ခေါင်းအုံးခံပြီး ခြေထောက်ကို မြှင့်ထားနိုင်ပါတယ်။


နံပါတ် ၄ ။ Child's Pose (လေ့ကျင့်ခန်းအတွက် ကြာချိန်က ငါး မိနစ်ကနေ ခုနစ် မိနစ်ပါ)
- သင့်ရဲ့ ခြေဖနောင့်ပေါ်မှာ သက်တောင့်သက်သာရှိစွာ ထိုင်ချလိုက်ပါ။
-  အိပ်ရာပေါ်မှာ နားနေရန် သင့်ရဲ့ နဖူးကိုပါ တစ်ပါတည်း ရင်အထက်ပိုင်းနဲ့အတူ အရှေ့ဖက်သို့ လှဲချလိုက်ပါ။
- သင်တတ်နိုင်သလောက် ဒူးခေါင်းနဲ့ နီးကပ်အောင် ရင်ဘတ်ကို နှိမ့်ချပြီး လက်မောင်းများကိုလည်း အရှေ့သို့ ဆန့်ထုတ်ထားပေးပါ။


နံပါတ် ၅ ။ Rock-a-Bye Roll (လေ့ကျင့်ခန်းအတွက် ကြာချိန်က ခုနစ် မိနစ်ကနေ ရှစ် မိနစ်ပါ)
- နောက်ကျောဘက်မှာ လဲလျောင်းပြီး ဒူးများကို ရင်ဘတ်ဆီသို့ ပိုက်ထွေးထားပါ။
- ခြေချင်းဝတ်များကို တစ်ခုနဲ့တစ်ခု ယှက်ထားပြီး ညှိ့သကျည်းနားမှာ တင်းတင်းဆုပ်ကိုင်ထားသော လက်များနှင့် ထုပ်ထားပါ။
- ထိုင်တဲ့ အနေအထားအဖြစ်သို့ ကိုယ်ကို မတ်တဲ့ အချိန်မှာ အသက်ရှုသွင်းပြီး အနောက်ဘက်သို့ ပြန်လှဲချချိန်မှာ အသက်ရှုထုတ်ပေးပါ။
- ၁ မိနစ်လောက် ဆက်လုပ်ပြီး အိပ်ရာပေါ်သို့ လှဲချ၍ လက်မောင်းနှင့် ခြေထောက်များကို ဆန့်ထုတ်ပါ။ ထို့နောက် နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါပြီရှင်။ 

ဒီလေ့ကျင့်ခန်းလေးကို မြတ်က Pinterest ကနေတွေ့လို့ အားလုံးကို မျှဝေပေးလိုက်ပါတယ်ရှင်။ အိပ်ရာပေါ်မှာပဲ အလွယ်တကူ လုပ်နိုင်တာကြောင့် အပန်းမကြီးဘူးဆိုရင် လုပ်စေချင်ပါတယ်။ တစ်နေကုန် အလုပ်မှာ အထိုင်များသူတွေအတွက် သွေးလည်ပတ်မှုကောင်းအောင် အကြောတွေ ပြေလျော့အောင် လုပ်ကို လုပ်သင့်ပါတယ်ရှင်။ မြတ်လည်း ဒီရက်ပိုင်းမှ စလုပ်ဖြစ်တာပါ။ လုပ်ပြီးရင်တော့ တန်းအိပ်ဖို့သာ ပြင်ထားပါ။ လူက သက်တောင့်သက်သာ ဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ 

စာဖတ်သူများကို ကျေးဇူးတင်ပါတယ်ရှင့် 

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon